မာလကာပင်ကို အိုးနဲ့ဘယ်လိုစိုက်မှာလဲ
မာလကာပင်ဟာ ပုံမှန်အားဖြင့် (၁၈-၂၀)ပေထိမြင့်တဲ့ အပင်မျိုးဖြစ်ပြီးတော့ ပုံမှန်ကိုင်းဖြတ်တာတွေလုပ်ပေးရင် (၈-၉) ပေ အမြင့်ပဲထားပြီးတော့ အိုးနဲ့စိုက်ပျိုးလို့ရပါတယ်။ မာလကာပင်ကို ကိုင်းဖြတ်စိုက်ပျိုးတာရှိသလို မျိုးစေ့ကနေ စိုက်ပျိုးတာလည်းရှိပါတယ်။ ရာသီဥတု ပူနွေး စိုစွတ်တဲ့ဒေသတွေမှာ ကိုင်းဖြတ်စိုက်ပျိုးတာ ပိုကောင်းပါတယ်။ မျိုးစေ့ကနေ စိုက်မယ်ဆိုရင် အရည်အသွေးကောင်းပြီး အာမခံချက်ရှိတဲ့ မျိုးစေ့ကို ဝယ်ယူစိုက်ပျိုးသင့်ပါတယ်။
• အသီးကနေရယူထားတဲ့ မျိုးစေ့ဆိုရင် ရေစင်အောင်ဆေးပြီး ခြောက်သွားအောင်နာရီပိုင်းလောက် လေသလပ်ခံပါ။ အစေ့တွေခြောက်သွားပြီဆိုရင် အဝတ်စထဲထည့်ပြီး ရေနွေးထဲမှာ (၃-၄)နာရီခန့် စိမ်ထားပါ။
• အိုးလေးတစ်ခုထဲမှာ မြေတွေထည့်ထားပြီး မျိုးစေ့ကြဲထားပါ။ အဲဒီအပေါ်ကို မြေနည်းနည်းပြန်ပြီး ဖုံးပေးပါ။ အညှောင့်မြန်မြန်ထွက်စေဖို့ အပေါ်ကနေ ပလပ်စတစ်စလေးနဲ့ ပြန်ပြီးဖုံးထားပေးပါ။
• မျိုးစေ့ကနေ စိုက်တဲ့ မာလကာပင်တွေဟာ (၃-၄)နှစ်ကြာရင် အသီးစသီးပါတယ်။
• ကိုင်းဖြတ်စိုက်ထားတဲ့ အပင်တွေကတော့ အဲဒီထက် စောစောသီးပါတယ်။ အကောင်းဆုံးက ကိုင်းကူး ထားတဲ့ပျိုးပင်ကို ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ပြီး အပင်ကျန်းမာသန်စွမ်းပြီး ကောင်းကောင်းကြီးထွား ဖွံ့ဖြိုးရင် တစ်နှစ်အတွင်းအသီးသီးနိုင်ပါတယ်။
• အိုးနဲ့စိုက်ပျိုးဖို့အတွက် ရေ(၃)ဂါလံဆန့်ပြီး (၃)ပေအမြင့်ရှိတဲ့အိုးကိုသုံးပါ။ အိုးရဲ့အောက်ခြေမှာ ရေထွက်ပေါက်လေးတွေလုပ်ထားပေးပါ။
• အိုးစိုက်မာလကာပင်တွေအတွက် တစ်ရက်ကို အနည်းဆုံးနေရောင်ခြည် (၆)နာရီရပြီး နေ့လည် နေ့ခင်းတွေမှာ အရိပ်ရနိုင်တဲ့နေရာဖြစ်သင့်ပါတယ်။ အေးတဲ့ဒေသတွေအတွက်ကတော့ အပင်ကြီးထွားဖို့နဲ့ အသီးသီးဖို့အတွက် နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာမှာ စိုက်ရပါမယ်။
• အိုးထဲကို မြေဆွေး၊သဲ နဲ့ ရိုးရိုးမြေကို ဆတူရောပြီး ထည့်ထားပါ။ မြေချဉ်ငန်ဓာတ် (၄.၅-၉.၄)ရှိတဲ့ ရွှံ့စေးဆန်တဲ့မြေ (သို့) သဲဆန်တဲ့မြေတွေတောင်မှ စိုက်ပျိုးနိုင်ပါတယ်။
• အိုးနဲ့စိုက်ပျိုးဖို့အတွက်ဆိုရင် ပင်တည်းဝတ်မှုံကူးတဲ့ မာလကာမျိုးကို စိုက်သင့်ပါတယ်။
• မာလကာပင်ဟာ နှင်းရိုက်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် ရာသီဥတု အရမ်းအေးလာရင် အပင်ကို အိမ်ထဲကို ရွှေ့ထားပေးသင့်ပါတယ်။
• အပင်ငယ်ချိန်နဲ့ ပန်းစပွင့်တဲ့အချိန်အထိ အစိုဓာတ်အမြဲတမ်းရနေဖို့ ရေဂရုစိုက်လောင်းပေးပါ။ အသီးစတည်တဲ့အချိန်မှာ ရေကောင်းကောင်းရမယ်ဆိုရင် အသီးကို အရည်ပိုရွှမ်းစေပြီး ချိုစေမှာဖြစ်ပါတယ်။ ဆောင်းရာသီမှာ ရေလျှော့လောင်းလို့ရပါတယ်။ ရေငတ်တဲ့ဒဏ်ကို ခံနိုင်ပေမယ့် ရေပုံမှန်ရရှိနေမယ်ဆိုရင် အသီးအရည်အသွေးကို ကောင်းစေမှာဖြစ်ပါတယ်။
• အိုးနဲ့စိုက်တဲ့မာလကာပင်တွေအတွက် ကိုင်းချိုင်တဲ့အလုပ်က အသီးဖြစ်ပေါ်ဖို့အတွက် အများကြီးမူတည်ပါတယ်။ ခြောက်ပြီး သေနေတဲ့အကိုင်းတွေ ရောဂါနဲ့ပိုးတွေကျနေတဲ့အကိုင်းတွေကို အချိန်မရွေးဖြတ်ပစ်ရပါမယ်။ ကိုင်းမဖြာတဲ့အတက်တွေ၊အရမ်းရှည်လွန်းတဲ့အတက်တွေ၊ တစ်ကိုင်းနဲ့တစ်ကိုင်း ညှိနေတဲ့ အတက်တွေ၊အခြားအကိုင်းတွေဆီကို နေရောင်ခြည်ရောက်ဖို့ ပိတ်မိနေတဲ့အကိုင်းတွေကို ဖြတ်ပေးဖို့လိုပါတယ်။
• ပထမဦးဆုံးစသီးတဲ့ အသီးကို ခြွေပစ်ရပါမယ်။ အဲဒီအသီးကို ကြီးအောင်ထားမယ်ဆိုရင် အခြားအပွင့်တွေကို ခြောက်သွားစေနိုင်ပါတယ်။ တစ်ကိုင်းမှာ အသီး(၄)လုံးထက်ပိုပြီးတော့ မထားသင့်ပါ။
• အပင်တဖြည်းဖြည်းကြီးလာရင် အခြားအိုးထဲကို ပြောင်းစိုက်ပေးဖို့လိုပါတယ်။ အိုးအကြီးကြီးထဲကို တစ်ခါထဲစိုက်တာထက် ပုံမှန်အိုးထဲမှာပဲစိုက်ပြီး အပင်တွေကြီးလာရင် အခြားအိုးထဲကို ပြောင်းစိုက်ပေးသင့်ပါတယ်။
• အိုးစိုက်မာလကာပင်ကို N:P:K:Mg (၆း၆း၆း၂) မြေသြဇာကို တစ်လတစ်ကြိမ်ပုံမှန်ကျွေးပေးရင် အပင်ကြီးထွားမှုကောင်းစေမှာဖြစ်ပါတယ်။
• အသီးစသီးတဲ့အချိန်မှာ N:P:K:Mg (၈း၃း၉း၂)မြေသြဇာကို ပြောင်းပြီးတော့ ကျွေးပေးရပါမယ်။ ပန်းပွင့်ပြီး (၃-၄)လကြာတဲ့အခါ အသီးသီးပါတယ်။
အပင်စိုက်ဝါသနာပါပြီး မြေနေရာမရှိတဲ့သူတွေအတွက်အဆင်ပြေစေတဲ့နည်းလမ်းလေးဖြစ်ပါတယ်။
Comments
Post a Comment